International News

COVID-19 ကြောင့် နယ်သာလန်နိုင်ငံ၏ ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍတွင် ၂၀၀၈ ခုနှစ်၊ စီးပွားရေးအကျပ်အတည်းထက် ပို၍ထိခိုက်မှုရှိ

Last Updated:

နယ်သာလန်နိုင်ငံ၊ Economic Institute for Construction အရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကြောင့်လာမည့် (၂) နှစ်အတွင်း ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍ တွင် အလုပ်အကိုင်ပေါင်း (၄၀၀၀၀) ခန့် ဆုံးရှုံးနိုင်ကြောင်း၊ COVID-19 အကျပ်အတည်းသည် ၂၀၀၈ ခုနှစ်၊ ကမ္ဘာ့စီးပွားရေး အကျပ်အတည်းထက် ဆောက်လုပ်ရေး လုပ်ငန်းကဏ္ဍအပေါ် ပိုမို၍ထိခိုက်မှုရှိမည်ဟု အဆိုပါအဖွဲ့အစည်းက ယူဆထားကြောင်း၊ ဆောက်လုပ်ရေးလုပ်ငန်းအပိုင်းတွင် ထုတ်လုပ်မှုသည် (၁၅) ရာခိုင်နှုန်း အထက်ကျဆင်းနိုင်သည်ဟု ယင်းကမျှော်လင့်ထားကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပျံ့နှံ့မှုကြောင့် နယ်သာလန်နိုင်ငံ၏ စီးပွားရေးတစ်ခုလုံးအပေါ် သက်ရောက်မှုရှိမည်ဖြစ်ပြီး၊ ဗိုင်းရပ်စ်ကူးစက်မှုထိန်းချုပ်နိုင်ရေးအစီအမံများကို လျင်မြန်စွာရုပ်သိမ်းခဲ့လျှင်ပင် နယ်သာလန်နိုင်ငံ၏ စီးပွားရေးကျဆင်းမှုရှိမည်ဟု ခန့်မှန်းထားကြောင်း သိရှိရပါသည်။

ကာလရှည်တွင် ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍအပေါ်ထိခိုက်မှုမှာ ရှောင်လွှဲ၍မရနိုင်ကြောင်း၊ လက်ရှိဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်နိုင်ရေး အစီအမံများကို ရုပ်သိမ်း ပြီးသည့်တိုင်အောင် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများ ဆုံးရှုံးမှုဖြစ်ပေါ်ခြင်းမှတစ်ဆင့် ကိုရိုနာဗိုင်းရပ်ကူးစက်ရောဂါ၏ ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍအပေါ် ဆိုးကျိုး သက်ရောက်မှုများ ဆက်လက်ရှိနေမည်ဟု Economic Institute for Construction က ယူဆထားကြောင်း၊ လုပ်ငန်းရှင်များ၏ စီးပွားရေးအပေါ် ယုံကြည်မှု ပျောက်ဆုံးခြင်းကြောင့် တည်ဆောက်ရေးအစီအစဉ်များစွာအား ဆိုင်းငံ့ထားလျက်ရှိနေကြောင်း သိရှိရပါသည်။

ကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်းမတိုင်မီကပင် ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍသည် အခက်အခဲပြဿနာများကိုရင်ဆိုင်နေခဲ့ရပြီးဖြစ်ကြောင်း၊ နယ်သာလန်နိုင်ငံ အစိုးရ၏ Nitrogen Approach Program ကို Council of States မှ ကြေညာခဲ့ချိန်တွင် များစွာသော ဆောက်လုပ်ရေးလုပ်ငန်း စီမံချက်များသည် ရပ်နားထား ရကြောင်း၊ စီမံကိန်းအသစ်များကြောင့်ဖြစ်ပေါ်သည့် နိုက်ထရိုဂျင် ထုတ်လွှတ်မှုများလျှော့ချရေးနှင့်စပ်လျဉ်းသည့် Nitrogen Approach Program အရ ဆောက်လုပ် ရေးလုပ်ငန်းစီမံချက်များသည် နိုက်ထရိုဂျင်ထုတ်လွှတ်မှု လျှော့ချနိုင်ရေးအတွက် လုပ်ငန်းများကို  ရပ်နားထားရခြင်းဖြစ်ကြောင်း နယ်သာလန်တိုင်းမ်၏ ၃-၄-၂၀၂၀ နေ့တွင် သတင်းဖော်ပြချက်အရ သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘယ်လ်ဂျီယံနိုင်ငံ)

ရင်းမြစ် (နယ်သာလန်တိုင်းမ်)

Category: International News